သမ္မတကြီးဂျပန်မှ ပြန်အရောက် သီလ၀ါမြေဈေးခုန်တက်

ဂျပန်နိုင်ငံသို့ သမ္မတကြီး ချစ်ကြည်ရေးခရီးသွားရောက်ပြီး မြန်မာနိုင်ငံသို့ ပြန်ရောက်ရှိလာပြီးနောက် ရန်ကုန်မြို့ ပတ်ဝန်းကျင်ရှိမြေဈေးနှုန်းများ မြင့်တက်သွား ခဲ့ကြောင်း သိရှိရသည်။ ဂျပန်နိုင်ငံမှ စီးပွားရေးစီမံကိန်းများ၊ ကားစက်ရုံများတည်ဆောက်ရန် အစီအစဉ်ရှိသည်ဟူသော သတင်းများကြောင့် ရန်ကုန် သီလ၀ါ၊ ကျောက်တန်း၊ သန်လျင်၊ ဒလ မြေကွက်များ ဈေးထိုးတက်သွားကြောင်း အိမ်ခြံမြေဈေးကွက်မှ သတင်းရရှိသည်။

ယခင်က သီလ၀ါဆိပ်ကမ်း လမ်းဆုံရှိ ၄၀x၆၀ မြေကွက်တစ်ကွက်မှာ သိန်း ၂၀ ပတ်ဝန်းကျင်ရှိရာမှ ယခုအချိန်တွင် သိန်း ၅၀၀ ပတ်ဝန်းကျင် အရောင်းအ၀ယ်ဖြစ်နေကြောင်း၊ ၀ယ်ချင်သူများပြီး ရောင်းမည့်သူနည်းနေကြောင်း။ ဒီနေ့ ဈေးစကားပြော မနက်ဖြန်ငွေချေ ချက်ချင်းလက်ငင်းအလုပ်ဖြစ်နေကြောင်းကို မြေပိုင်ရှင်တစ်ဦးဖြစ်သူက " ပြီးခဲ့တဲ့ ၃ ရက်လောက်ကပဲ အရောင်းအ၀ယ်ဖြစ်သွားတာ။ ပထမ သိန်း၅၀၀ ခေါ်တာ ဈေးတွေတက်နေတယ်ကြားတော့ ၆၀၀ ခေါ်လိုက်တာ ၅၅၀နဲ့ ဖြစ်သွားတယ်။ ချက်ချင်းကို ငွေချေပေးတယ်။ စာရွက်စာတမ်းက မြေချပါမစ်ပဲရှိတာ။ ဂရမ်တောင်မလျှောက်ရသေးဘူး။ ကျွန်တော်တို့က အဲဒီမြေကို ၀ယ်ထားတာကြာပြီ၊ ၀ယ်တုန်းက ၁၄ သိန်းကျော်ကျော်နဲ့ဝယ်ထားတာ။ တော်တော်မြတ်သွားတယ်။ ထင်ကို ထင်မထားတာ" ဟု ပြောကြားသွားပါတယ်။

ယခုကဲ့သို့ မြေဈေးများမြင့်တက်ခြင်းမှာ ကောင်းမွန်သောလက္ခဏာမဟုတ်ပဲ၊ နိုင်ငံတကာရင်းနှီးမြုပ်နှံမှုအတွက် အဟန့်အတားတစ်ခုဖြစ်နိုင်ကြောင်း ပညာရှင်များနှင့် အစိုးရတာဝန်ရှိသူများက လွန်ခဲ့သော ၅ လ ကတည်းက စောင့်ကြည့်သတိပေးခြင်းများရှိခဲ့ပြီး၊ ယခင် ရင်းနှီးမြုပ်နှံမှုကော်မတီ ဥက္ကဌ၊ ယခု သမ္မတရုံးဝန်ကြီး ဦးစိုးသိန်းကိုယ်တိုင် မြန်မာပြည်မြေဈေးကွက်ကို ကိုင်တွယ်မည်ဟု ပြောဆိုသတိပေးခဲ့သေးသည်။

အဆိုပါပြောကြားချက်ကြောင့် မြေဈေးကွက်များ အခိုက်အတန့် ရပ်တန့်ခြင်းရှိခဲ့သော်လည်း ရေရှည်ထိန်းချုပ်မှုမရှိခြင်း၊ အခွန်ပေါ်လစီအားနည်းခြင်းတို့ကြောင့် ဈေးကွက်ကို ထိန်းကျောင်းနိုင်ခြင်းမရှိခဲ့ပေ။

လွန်ခဲ့သည့် ၆ လ ကျော်တုန်းကလည်း ရန်ကုန်နှင့် မြို့ကြီးအချို့ရှိ စက်မှုဇုန်မြေကွက်နှင့် ဆက်စပ် မြေကွက် များ၊ ရန်ကုန်တွင် ဒလ၊ သီလ၀ါ၊ လှိုင်သာယာ၊ရွှေပြည်သာစက်မှုဇုန်များအနီးရှိ မြေကွက် များမှာ ပြည်ပမှ တရားမ၀င် ၀ယ်ယူဈေးကစားမှုများ၊ ရှိခဲ့ပြီး၊ အဆိုပါကိစ္စများနှင့် ပတ်သက်ပြီး အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနမှ ဂျပန်နိုင်ငံသားတစ်ဦး၊ အိမ်ခြံမြေအကျိုးဆောင် Company တစ်ခုနှင့် ပါဝင်ပတ်သက်သူများကို စစ်ဆေးအရေးယူလျက်ရှိကြောင်းသိရှိရသည်။

by: People Development for Knowledge

0 comments:

Post a Comment

Powered by Blogger.